Thursday, December 4, 2008

ငယ်ငယ်တုန်းက အတွေးအမြင်(၂) @ အမေနဲ့ကျွန်မ

ကျွန်မတို့မောင်နှမတွေ ငယ်ငယ်တုန်း တော်တော်ကို အဆော့ဆိုးပါတယ်။ ညနေ ကျောင်းက ပြန်လာတဲ့ အချိန် ဆိုရင် လေယာဉ်ကွင်းထဲမှာ လေယာဉ်ခရီးစဉ်မရှိတော့ရင် ကျွန်မတို့တွေ ဝင်ဝင်ပြီးဆော့ကြပါတယ်။ အဲ… ပိတ်ရက်ကျရင်တော့ ရေသွားကူးတာပေါ့။
ကျောင်းကပြန်ရောက်တာနဲ့ လွယ်အိတ်လေးချိတ် ၊ အဝတ်အစားလဲပြီး လေယာဉ်ကွင်းထဲ တန်းပြေးတော့တာပါပဲ။ လေဆိပ်မှာ ကုန်တွေ လေယာဉ်ပေါ်တင်ဖို့ သုံးတဲ့ တွန်းလှည်းတွေရှိပါတယ်။ အဲဒီတွန်းလှည်း ပေါ်ကို ငယ်တဲ့သူတွေကတက် ကြီးတဲ့သူတွေက တစ်ယောက်တစ်လှည့်တွန်း ၊ လေယာဉ်ကွင်းဟိုဘက်ထိပ် ဒီဘက်ထိပ်တွန်းပြီး ဆော့ကြတာပါ။
လှည်းတွန်းတမ်းဆော့လို့ မောပြီဆိုရင် နားနားနေနေ နောက်တစ်မျိုးကစားပါတယ်။ လေယာဉ်ပြေးလမ်းတစ်လျှောက်လုံး ကတ္တရာစေး ခင်းထားတာပါ။ အဲဒီ ကတ္တရာစေး တွေက နေပူလာရင် ပူဖောင်းလေးတွေလို ကြွတက်နေတတ်ပါတယ်။ ညနေစောင်း နေအေးသွားပြီဆိုရင် အဲဒီကတ္တရာစေး ဖောင်းဖောင်းလေးတွေက မာပြီးကျန်နေခဲ့ပါတယ်။ ပူဖောင်းမာမာလေးတွေလိုပေါ့။ ကျွန်မတို့က အဲဒါတွေရှာပြီးလိုက်ဖောက်ပါတယ်။ အမောပြေသွားရင် နောက်တစ်ခေါက်ထပ်ပြီး လှည်းတွန်းတမ်းပြန်ဆော့ပါတယ်။ အဲလိုဆော့ပြီဆိုရင် ထမင်းမေ့ဟင်းမေ့ပါပဲ။ အရမ်းမိုးချုပ်မှ အမေက လိုက်ခေါ်ရပြီဆိုရင် စိတ်တိုပြီး ကျွန်မတို့မောင်နှမတစ်တွေကို ရိုက်ပါတယ်။

အမေက ကြီးစဉ်ငယ်လိုက် ရိုက်တာပါ။ မရိုက်ခင်လည်း အမေက “ဘာဖြစ်လို့ရိုက်တာလည်း သိလား အပြစ်ရှိလား၊ မရှိဘူးလား ” အဲလိုမေးပြီး ဝန်ခံမှ ရိုက်တာပါ။ အခုလည်း ဆော့တာကို အမေက မပြောပါဘူး။ အချိန်လွန်ဆော့လို့ပါ။ ရိုက်ရင်လည်း တင်ပါးတို့ ခြေသလုံးတို့ကိုပဲ ရိုက်ပါတယ်။ များသောအားဖြင့် တင်ပါးကိုပဲရိုက်ပါတယ်။ လက်ကို ရိုက်ရင် စာမရေးနိုင်မှာ အလုပ်မလုပ်နိုင်မှာ စိုးလို့တဲ့။ ခေါင်းခေါက်ရင်လည်း ဉာဏ်ထိုင်းသွားမှာစိုးလို့ဆိုပြီးမလုပ်ပါဘူး။ အဲဒီတော့ အမေက မကြီးကို မေးမေးပြီး ရိုက်နေတဲ့အချိန်မှာ ကျွန်မက အရင်ပြေးနှင့်ပြီး အိမ်မှာ ဂျင်းဘောင်းဘီ ၂ ထည်လောက်ကို စကတ်ဒူးဖုံး အောက်မှာ ထပ်ဝတ်လိုက်ပါတယ်။ ထူနေတော့ အမေရိုက်ရင် မနာတော့ဘူးပေါ့။ ပြီးတော့ တွေးမိသေးတယ် “အင်း ငါဒီလိုလုပ်တာ အမေတော့ မသိလောက်ဘူး၊ ငါလည်း နည်းနည်းတော့ နာချင်ယောင်ဆောင်မယ်” ပေါ့။ ဒါတွေကို အမေ သိတယ်ဆိုတာ ဘယ်တော့လောက်မှ ပြန်သိလည်း ဆိုတော့ ကိုယ်ကိုယ်တိုင် ဆယ်တန်းအောင်လို့ ကလေးလေးတွေကို စာပြတော့မှ သိပါတော့တယ်။ အဲဒီတုန်းက ကလေးတစ်ယောက်က စာမရလို့ ကျွန်မရိုက်တာကို သူ့ဘောင်းဘီအနောက်ထဲမှာ စာအုပ်ခံထားပါတယ်။ ကျွန်မရိုက်တဲ့အခါ စာအုပ်ကို ရိုက်မိတဲ့အသံထွက်ပါတယ်။ ကိုယ်ကကြီးပြီိဆိုတော့ ဒီကောင်လေးတစ်ခုခုခံထားမှန်း တန်းသိတာပေါ့။ အဲဒီတော့မှ “သြော် … အဲဒီတုန်းက ငါကလေး အတွေးနဲ့ လုပ်ခဲ့တာ အမေသိခဲ့ပါလား၊ သိရဲ့သားနဲ့ မသိချင်ယောင် ဆောင်ပေးခဲ့တာပါလား ” ဆိုတာသိပြီး အမေ့ကို ပို ပိုချစ်လာပါတယ်။