Thursday, December 4, 2008

ငယ်ငယ်တုန်းက အတွေးအမြင်(၂) @ အမေနဲ့ကျွန်မ

ကျွန်မတို့မောင်နှမတွေ ငယ်ငယ်တုန်း တော်တော်ကို အဆော့ဆိုးပါတယ်။ ညနေ ကျောင်းက ပြန်လာတဲ့ အချိန် ဆိုရင် လေယာဉ်ကွင်းထဲမှာ လေယာဉ်ခရီးစဉ်မရှိတော့ရင် ကျွန်မတို့တွေ ဝင်ဝင်ပြီးဆော့ကြပါတယ်။ အဲ… ပိတ်ရက်ကျရင်တော့ ရေသွားကူးတာပေါ့။
ကျောင်းကပြန်ရောက်တာနဲ့ လွယ်အိတ်လေးချိတ် ၊ အဝတ်အစားလဲပြီး လေယာဉ်ကွင်းထဲ တန်းပြေးတော့တာပါပဲ။ လေဆိပ်မှာ ကုန်တွေ လေယာဉ်ပေါ်တင်ဖို့ သုံးတဲ့ တွန်းလှည်းတွေရှိပါတယ်။ အဲဒီတွန်းလှည်း ပေါ်ကို ငယ်တဲ့သူတွေကတက် ကြီးတဲ့သူတွေက တစ်ယောက်တစ်လှည့်တွန်း ၊ လေယာဉ်ကွင်းဟိုဘက်ထိပ် ဒီဘက်ထိပ်တွန်းပြီး ဆော့ကြတာပါ။
လှည်းတွန်းတမ်းဆော့လို့ မောပြီဆိုရင် နားနားနေနေ နောက်တစ်မျိုးကစားပါတယ်။ လေယာဉ်ပြေးလမ်းတစ်လျှောက်လုံး ကတ္တရာစေး ခင်းထားတာပါ။ အဲဒီ ကတ္တရာစေး တွေက နေပူလာရင် ပူဖောင်းလေးတွေလို ကြွတက်နေတတ်ပါတယ်။ ညနေစောင်း နေအေးသွားပြီဆိုရင် အဲဒီကတ္တရာစေး ဖောင်းဖောင်းလေးတွေက မာပြီးကျန်နေခဲ့ပါတယ်။ ပူဖောင်းမာမာလေးတွေလိုပေါ့။ ကျွန်မတို့က အဲဒါတွေရှာပြီးလိုက်ဖောက်ပါတယ်။ အမောပြေသွားရင် နောက်တစ်ခေါက်ထပ်ပြီး လှည်းတွန်းတမ်းပြန်ဆော့ပါတယ်။ အဲလိုဆော့ပြီဆိုရင် ထမင်းမေ့ဟင်းမေ့ပါပဲ။ အရမ်းမိုးချုပ်မှ အမေက လိုက်ခေါ်ရပြီဆိုရင် စိတ်တိုပြီး ကျွန်မတို့မောင်နှမတစ်တွေကို ရိုက်ပါတယ်။

အမေက ကြီးစဉ်ငယ်လိုက် ရိုက်တာပါ။ မရိုက်ခင်လည်း အမေက “ဘာဖြစ်လို့ရိုက်တာလည်း သိလား အပြစ်ရှိလား၊ မရှိဘူးလား ” အဲလိုမေးပြီး ဝန်ခံမှ ရိုက်တာပါ။ အခုလည်း ဆော့တာကို အမေက မပြောပါဘူး။ အချိန်လွန်ဆော့လို့ပါ။ ရိုက်ရင်လည်း တင်ပါးတို့ ခြေသလုံးတို့ကိုပဲ ရိုက်ပါတယ်။ များသောအားဖြင့် တင်ပါးကိုပဲရိုက်ပါတယ်။ လက်ကို ရိုက်ရင် စာမရေးနိုင်မှာ အလုပ်မလုပ်နိုင်မှာ စိုးလို့တဲ့။ ခေါင်းခေါက်ရင်လည်း ဉာဏ်ထိုင်းသွားမှာစိုးလို့ဆိုပြီးမလုပ်ပါဘူး။ အဲဒီတော့ အမေက မကြီးကို မေးမေးပြီး ရိုက်နေတဲ့အချိန်မှာ ကျွန်မက အရင်ပြေးနှင့်ပြီး အိမ်မှာ ဂျင်းဘောင်းဘီ ၂ ထည်လောက်ကို စကတ်ဒူးဖုံး အောက်မှာ ထပ်ဝတ်လိုက်ပါတယ်။ ထူနေတော့ အမေရိုက်ရင် မနာတော့ဘူးပေါ့။ ပြီးတော့ တွေးမိသေးတယ် “အင်း ငါဒီလိုလုပ်တာ အမေတော့ မသိလောက်ဘူး၊ ငါလည်း နည်းနည်းတော့ နာချင်ယောင်ဆောင်မယ်” ပေါ့။ ဒါတွေကို အမေ သိတယ်ဆိုတာ ဘယ်တော့လောက်မှ ပြန်သိလည်း ဆိုတော့ ကိုယ်ကိုယ်တိုင် ဆယ်တန်းအောင်လို့ ကလေးလေးတွေကို စာပြတော့မှ သိပါတော့တယ်။ အဲဒီတုန်းက ကလေးတစ်ယောက်က စာမရလို့ ကျွန်မရိုက်တာကို သူ့ဘောင်းဘီအနောက်ထဲမှာ စာအုပ်ခံထားပါတယ်။ ကျွန်မရိုက်တဲ့အခါ စာအုပ်ကို ရိုက်မိတဲ့အသံထွက်ပါတယ်။ ကိုယ်ကကြီးပြီိဆိုတော့ ဒီကောင်လေးတစ်ခုခုခံထားမှန်း တန်းသိတာပေါ့။ အဲဒီတော့မှ “သြော် … အဲဒီတုန်းက ငါကလေး အတွေးနဲ့ လုပ်ခဲ့တာ အမေသိခဲ့ပါလား၊ သိရဲ့သားနဲ့ မသိချင်ယောင် ဆောင်ပေးခဲ့တာပါလား ” ဆိုတာသိပြီး အမေ့ကို ပို ပိုချစ်လာပါတယ်။






Sunday, November 30, 2008

ငယ်ငယ်တုန်းက အတွေးအမြင်(၁)

ကျွန်မတို့ငယ်ငယ်တုန်းကနေခဲ့တာ ကျိုင်းတုံလေယာဉ်ကွင်းနားက ဆိုင်တန်းတွေမှာ နေခဲ့တာပါ။ ကျိုင်းတုံ လေယာဉ်ကွင်းက တောင်ကုန်းပေါ်မှာ တည်ဆောက်ထားတာပါ။ အဲဒီလေယာဉ်ကွင်း တောင်ကုန်း ပေါ်ကနေ လမ်းမကြီးအတိုင်းဆင်းလာရင် ရေချောင်းတစ်ခုရှိပါတယ်။ နမ့်လပ်ချောင်းလို့ခေါ်ပါတယ်။ ကျွန်မတို့ ငယ်ငယ်တုန်းကဆိုရင် အားတိုင်း ချောင်းမှာ ရေသွားကူး၊ ရွှံ့ခူးပြီး လောက်စာလုံးတွေလုံး၊ အိုးပုတ်အရုပ်တွေလုပ်တမ်းကစားလေ့ရှိပါတယ်။ ရေကူးလိုက် ၊ ချမ်းလာရင် ရွှံ့ခူးပြီး ကမ်းပေါ်မှာ နေပူစာလှုံရင်း အရုပ်တွေလုပ်လိုက်နဲ့ တကယ်ကို ပျော်စရာကောင်းခဲ့ပါတယ်။ အချမ်းပြေရင် ရေထဲ ပြန်ဆင်းပါတယ်။ ကျောင်းပိတ်ရက်တိုင်းကို အဲဒီလို ဆော့ခဲ့တာပါ။ ဒီလိုဆော့တာ အိမ်က မဆူဘူးလားလို့ မေးစရာရှိပါတယ်။ ကျွန်မတို့က အမေတို့ မသိအောင်ခိုးသွားတာပါ။ “အမေ သမီး သူငယ်ချင်းအိမ်မှာ သွားကစားမလို့ ” အမေ့ကိုတော့ ဒီလိုပြောခဲ့တာပါ။

မှတ်မိပါသေးတယ်။ အဲဒီတုန်းက ကျွန်မ သူငယ်တန်းပဲရှိပါသေးတယ်။ သူငယ်တန်း စတက် ကာစဆိုတော့ ကကြီး၊ ခခွေး လောက်ပဲသိတာ။ ကျောင်းတက်ခါစဆိုတော့ ကိုယ့်ဟာကိုယ်ကို ဘာစာကျက်ရမှန်းမသိပါဘူး၊ဒါပေမယ့် ကျွန်မရဲ့ အစ်မကြီးက အဲဒီအချိန်မှာ (၄)တန်းတက်နေတာပါ။
သူတို့အတန်းမှာ သဘာဝ ပထဝီဝင်သင်ပါတယ်။ အဲဒီမှာ အစ်မက ကျောက်တွေဖြစ်ပေါ်လာပုံကို ခဏ ခဏ ကျက်ပါတယ်။ အနည်ကျကျောက်၊ အသွင်ပြောင်းကျောက်တွေအကြောင်းကျက်နေတာပါ။
အစ်မကျက်တဲ့အထဲမှာ အသွင်ပြောင်းကျောက်အကြောင်း အဓိကပါပါတယ်။

“ကျောက်တွေဟာ နှစ်ကာလကြာတာနဲ့အမျှ အသွင်ပြောင်းသွားနိုင်ကြောင်း၊ ကျောက်ဖြစ်ရုပ်ကြွင်း တွေဖြစ်လာကြောင်း၊ စိန် ဆိုရင် မီးသွေး (ကာဗွန်)က ဖြစ်လာကြောင်း ”တွေ ပါပါတယ်။

အစ်မကျက်နေတာကြားတုန်းကတော့ အမှုမဲ့ အမှတ်မဲ့ပါပဲ။
ဒါပေမယ့် ဒါတွေကို ဘယ်အချိန်မှာသွားသတိရလည်းဆိုတော့ ရေချောင်းမှာ ရွှံ့ခူးပြီး လောက်စာလုံးတွေ လုံးနေတဲ့အချိန်မှာ ပြန်သတိရသွားပါတယ်။ အဲဒီမှာ ဘာတွေးမိလဲဆိုတော့ (သူငယ်တန်းတုန်းက တွေးတာမို့လို ဒီစာဖတ်ပြီး မပြုံးကြနဲ့နော်  )၊

“ အင်း…. မမကြီး ကျက်တဲ့စာထဲမှာ မီးသွေးဟာ နှစ်တွေအရမ်းကြာရင် စိန်ဖြစ်လာတာတဲ့။ အခု ငါ လုံးနေတဲ့ ရွှံ့လောက်စာလုံးလေးလည်း နောင်အနှစ် ၂၀ လောက်ကြာတဲ့အခါကြရင် တော့ စိန် မဖြစ်ရင်တောင် ရွှေ တော့ဖြစ်လောက်တယ် ”လို့ တွေးမိပါတယ်။
အဲဒါနဲ့ လောက်စာလုံးကို မာကျစ်နေအောင်လုံး၊ ပြီးတော့ အရောင်ထွက်အောင်လိ်ု့ မှန်နဲ့ တိုက်လိုက်ပါသေးတယ်။ ပြီးတော့ မှ အိမ်ရှေ့က ဓာတ်တိုင်ရှေ့မှာ မြှုပ်ခဲ့ပါတယ်။ စိတ်ထဲမှာ လည်း “ နောင် အနှစ် ၂၀ ကြာရင် ဒီနေရာမှာ ပြန်လာဖော်ကြည့်မယ် ”လို့လည်း မှတ်ထားခဲ့လိုက်ပါသေးတယ်။






Tuesday, November 25, 2008

ကျိုင်းတုံမြို့

ကျိုင်းတုံမြို့ဟာ ရှမ်းပြည်နယ်အရှေ့ပိုင်းရဲ့ မြို့တော်ဖြစ်ပါတယ်။

ကျိုင်းတုံမြို့ရဲ့ အထင်ကရဘုရားကြီးတွေကတော့
(၁) မဟာမြတ်မုနိဘုရားကြီး (ဒီဘုရားကြီးကို (၃)ခါဖူးရင် ကျိုင်းတုံမြို့ကို မဖြစ်မနေပြန်ရောက်တယ်လို့သိရပါတယ်။)


(၂) ရပ်တော်မူဘုရားကြီး

 ဒီပုံကတော့ ရပ်တော်မူဘုရားကြီးရဲ့ ပုံဖြစ်ပါတယ်။

အခြားထင်ရှားတဲ့အရာတွေကတော့ 
(၁) နောင်တုံကန် (ဒီကန်ကြီးဟာ မြို့လယ်မှာ တည်ရှိပါတယ်။ အင်မတန််လှပါတယ်။)

(၂)သစ်တစ်ပင် (ဒီကညင်ဖြူပင်ကြီး ကို အလောင်းဘုရား ဦးအောင်ဇေယျ စိုက်ခဲ့တာပါ) ကျိုင်းတုံမြို့ထဲဝင််လာတာနဲ့ သစ်တပင်တောင်နဲ့ ကညင်ဖြူပင်ကြီးကို တန်းမြင်ရမှာပါ။






နောက်ပြီးတော့ ကျိုင်းတုံမှာ ပင်းတောက်ရေတံခွန်ရှိသေးတယ်။ မြို့ရဲ့ မြောက်ဘက်မှာရှိတာပါ....
သွားရတာတော့တော်တော်ဝေးတယ်။
၁၉၉၉ ခုနှစ်တုန်းက ပင်းတောက်ရေတံခွန်ကို စပြီးရောက်ဖူးတာပါ။
ဝေးလွန်းပင်ပန်းလွန်းလို့ ကဗျာတစ်ပုဒ်တောင် စပ်လိုက်မိပါသေးတယ်။

"တစ်ခါတစ်ခေါက်သာ
လာရောက်ကာလည်ပါတော့
ကျိုင်းတုံမြို့ မြောက်ဖက်က
ပင်းတောက်ဆိုတဲ့
ရေတံခွန်ဆိုမှဖြင့်
တော်ပါပြီ နောက်တခါဆို
ကြောက်ကာလေ ဆလံပေးမိရဲ့
သွားတော့ပါဘူး "

ဒါပေမယ့် အခုနောက်ပိုင်းတော့ လမ်းတွေပိုကောင်းလာပါပြီ။ အဲဒီရေတံခွန်နားလောက်ထိကို ဆိုင်ကယ်နဲ့သွားလို့ရပါပြီ