Sunday, August 26, 2012

လွမ်းဘဏ္ဍာ

မိုးစဲနေဟာ ဘာလို့
ငါ့ကို ဒီလောက်တောင်
လွမ်းစေရသလဲ

ရွက်ကြွေရိုးတွေဟာ ဘာလို့
ငါ့ကို ဒီလောက်တောင်
လွမ်းစေရသလဲ

တကယ်တမ်းတော့
မိုးစဲနေနဲ့လည်းမဆိုင်
ရွက်ကြွေရိုးနဲ့လည်းမဆိုင်


ငါကိုယ်တိုင်က
အလွမ်းတွေပိုင်နေခဲ့တာပါ။

ညလေးညို








Friday, August 24, 2012

လွမ်းလိပ်ပြာ

တိုးတိုးရိပ်ရိပ်
တိတ်ဆိတ်ညင်သာ
လွမ်းရိပ်လိပ်ပြာ
ပျံနေရှာဆဲ
တစ်ကောင်ထဲ...


လွမ်း၍ပျံသန်း
 ပျံသန်းရင်းလွမ်း
လေနီကြမ်းတိုး
တောင်ပံကျိုးပေါ့
အိုဘယ့် လိပ်ပြာငယ်... ...



တောင်ကျိုးနေရှာ
လိပ်ပြာငယ်မှာ
မှောင်ရိပ်နားခို
အို...
ငို နေပါပေါ့လား... 

ညလေးညို

မှတ်ချက်။ ။ တကယ်တော့ အပေါ်ဆုံးအပိုဒ်က စပ်ထားတာ ကြာလှပါပြီ။  
               ဒီနေ့ကိုယ့်နားရောက်လာတဲ့ အတောင်ကျိုးနေတဲ့လိပ်ပြာလေးကို မြင်လို့ထပ်စပ်ပြီး      
               တင်လိုက်တာပါ။ သူ့မှာ ဘယ်ဖက်အောက်အတောင်ပံကလည်း ပဲ့နေတယ်။
               ညာဖက်အတောင်ပံကလည်း ကျိုးနေရှာတယ်။








Thursday, August 23, 2012

အဇ္စျတ္တရဲ့လှိုင်းသံ

 

မျက်ဝန်းညိုပြာ ကြင်နာရိပ်စွန်း

တို့ကို ညွှန်းလေသလား...


စကားချိုသာ ကြည်သာရိပ်စွန်း

တို့ကို ညွှန်းလေသလား...


လှုပ်ရှားမူယာ တွယ်တာရိပ်စွန်း

တို့ကို ညွှန်းလေသလား


ခံစားသိမိ ကိုယ်သိ၏ဟု

ရည်စူးငြားလည်း

ဆိုင်သူရှိခြင်း

တည်ရင်းသစ္စာ

တို့မေတ္တာကို

ဘယ်လို ခွဲဝေပေးရပါ့


သြော်...

လှိုက်လှဲရင်မှာ

တောင်းကာဆုခြွေ

ကြင်နာသူနဲ့ တွေ့ပါစေ...



ညလေးညို







Sunday, June 17, 2012

ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်


ကျွန်မဒီစာကို..
လတ်တလော .. ဖေ့ဘုတ်မှာ တွေ့တွေ့နေရတဲ့..



ဆို တဲ့ သရော်စာလိုလို ဟာသလိုလိုလုပ်ထားတဲ့ ဟာကို ဖတ်မိပြီး အတွေးပေါ်လာလို့ ရေးဖြစ်သွားတာပါ။ ကျွန်မဉာဏ်မီသလောက်တွေးခေါ်ပြီး ရေးထားတာမို့ အမှားပါရင် လည်း ခွင့်လွှတ်ကြပါလို့ ကြိုတင်တောင်းပန်အပ်ပါတယ်။

ကျွန်မတို့ ပထမနှစ် စပြီးတက်တော့ ဆရာတစ်ယောက်ပြောဖူးပါတယ်.. ကိုယ့်ကို ဒီအရည်အချင်း ပြည့်တယ်လို့သတ်မှတ်ပြီး level တစ်ခုကို သတ်မှတ်ပေးလိုက်တဲ့ အခါ.. ကိုယ့်ဟာကိုယ် အဲဒီ သတ်မှတ်ချက်ကို မပြည့်မီသေးဘူးလို့ ခံစားရရင် အဲဒီဟာ ကို ပြည့်အောင်ဖြည့်ဖို့ကြိုးစားလိုက်ပါတဲ့
“သိတဲ့အတိုင်းပဲ ဒီမှာက ဘွဲ့ရပြီးလဲ ဘာမှ လုပ်လို့မရဘူး…” လို့ ပြော ပြောနေတဲ့ သူတွေကို ကျွန်မ တော်တော်များများတွေ့ဖူးပါတယ်..
အဲဒီလို ပြောတဲ့သူတွေကို လည်း .. ဆရာက“ကိုယ့်ပေါင်ကိုယ်လှန်ထောင်းကြသူများ”လို့ ပြောခဲ့တာကိုလည်း မှတ်မိနေပါသေးတယ်။

ကဲ အဲဒီကိစ္စကို ကျွန်မတို့ ဉာဏ်မီသလောက်စဉ်းစားကြည့်ရအောင်..
သတ်မှတ်ချက်တစ်ခုပြည့်စုံပြီးတဲ့သူတစ်ယောက်ကို သူ့ရဲ့နယ်ပယ်မှာ အသုံးပြုလို့ ရပြီဆိုပြီးသုံးကြည့်တယ်.. သုံးမရရင်.. ဘယ်သူ့ကို အပြစ်ပြောမှာလဲ.. အရည်အသွေးကို မဖြည့်ပေးတဲ့သူကိုလား… အရည်အတွက်ကို ကြည့်မိတဲ့ ကိုယ့်ကိုယ်ကိုယ်လား…
မပြည့်တဲ့ခွက်က ကိုယ့်ခွက်ဖြစ်နေတာလေ..အဲဒါကို ဖြည့်ဖို့မကြိုးစားဘဲ သူ့ကြောင့် ငါမတတ်တာလို့ သူများကို အပြစ်ပြောချင်နေရင်..
(အဲဒီလိုပြောရင်လည်း ပြောလိုက်ပါ.. ကဲ.. ပြောတယ်ပဲထားပါတော့.. ကိုယ်သိသွားပြီ သူ့ကြောင့် ကိုယ်မတတ်ခဲ့မှန်း .. ဒါဆိုရင် ကိုယ်ဟာ ဒီအရည်အသွေးတွေ စံတွေမီလာအောင် ကြိုးစားသင့်တယ်မဟုတ်ပါလား.. ငါမတတ်ဘူး.. ငါမတတ်ဘူးလို့ ညည်းပြီး ဒီအတိုင်းပဲ နေတော့မှာလား )

ကိုယ့်အလှည့်ကျတော့ကော.. ကိုယ်ကိုယ်တိုင်ကမပြည့်တဲ့အခါကျတော့ ကိုယ့် အောက်ကလူ(Next Generation) ရအောင်ဖြည့်ဖို့ လည်း နည်းလမ်းကောင်း ကောင်း မပေးနိုင်တော့ဘူး..
ငါ့တုန်းက ဒီလို မရခဲ့ဘူး နောက်လူတွေ ဒီလို မဖြစ်အောင် ငါလုပ်ရမယ် လို့များ တွေး ခဲ့ ဖူးပါသလား။

ကျွန်မထင်ပါတယ်။ တွေးမိတဲ့ သူ တော်တော်များများဟာ .. ကွယ်.. ဒီကိစ္စဟာ .. ငါ တစ်ယောက်တည်း ဆောင်ရွက်လို့ ရမှာမှ မဟုတ်တာဆို ပြီး စိတ်လျှော့မိတယ် မဟုတ်လား…။

ဒီလိုနဲ့ ကွင်းဆက်က ဘယ်မှာ ပြတ်ခဲ့တာပါလိမ့်
တစ်ခါပြတ်သွားတဲ့ကွင်းဆက်ကို ပြန်မဆက်မိတဲ့အတွက် ဘယ်လောက်ထိများ ဆက်ပြီး ကွင်းဆက်ပြတ်ခဲ့ကြပါလိမ့်လို့ ကျွန်မစဉ်းစားနေမိပါတယ်။
ဒီတော့ အားလုံးက ဒါ့ကြောင့်.. ဒါ့ကြောင့်..လို့ပြောနေကြတယ်.. ရောက်တဲ့ check point ကနေ တတ်နိုင်သလောက် ပြန်ဖြည့်မယ်မစဉ်းစားကြဘူး..
အဲလိုဝေဖန်နေတဲ့သူတွေဟာ ဘာနဲ့တူနေသလဲဆိုတော့ ကျွန်မတို့ငယ်ငယ်တုန်းက ဖတ်ခဲ့ဘူးတဲ့အကြောင်းအရာကို သွားပြီး အမှတ်ရစေပါတယ် ..
ရွာတစ်ရွာရဲ့ မြို့ကိုသွားတဲ့ လှည်းလမ်းမှာ ကျောက်တုံးကြီး တစ်တုံး ပိတ်မိနေတဲ့ အခါမှာ ရွာသားတွေမြင်တော့ ..

တချို့ရွာသားတွေကကျောက်တုံးကို ရှောင်ကွင်းသွားတယ်တဲ့။
အဲဒီအမျိုးအစားက ငါတော့ သူတို့သတ်မှတ်တဲ့ဘွဲ့ရပြီဆိုပြီး တိတ် တိတ်လေးနေ နေကြတဲ့သူတွေနဲ့တူတယ်။
ရပြီ။ အောင်ပြီ။ အောင်ရင်ပြီးတာပဲ။ ခွေးပစ်လို့ အောင် အောင် .. တုတ်ပစ်လို့အောင်အောင် ။ အောင်တယ်ဆိုရင် ဘွဲ့ရပြီ. ပြီးတာပဲလို့ နေတဲ့ သူတွေပါ။

တချို့ရွာသားတွေကတော့အင်း..ဒီကျောက်တုံးကြီးကြောင့် လမ်းပိတ်နေတာ..ဘယ်သူမှလည်း မဖယ်ကြဘူး.. ဘာဖြစ်တယ်.. ညာဖြစ်တယ်လို့ မြည်တွန်တောက်တီးပြီး ကျောက်တုံးကို ဖယ်ဖို့ မကြိုးစားဘဲ ရှောင်ကွင်းသွားတယ်တဲ့။
အဲဒီအမျိုးအစားက အခုနပြောတဲ့ ငါဘွဲ့ရပြီ အောင်အောင်လည်း ငါကြိုးစားခဲ့တယ်။ ဘာမှလည်း မတတ်လိုက်ဘူး အဲဒါ …သူ့ကြောင့် …ဘယ်သူ့ကြောင့်… ဘယ်ဝါကြောင့်.. ဆို ပြီး ပြောဆို ဝေဖန်နေတဲ့သူတွေနဲ့တူတယ်။

တချို့ကတော့အင်း..ဒီကျောက်တုံးကြီးကို ဖယ်မှဖြစ်တော့မယ်ဆို ပြီး ကျောက်တုံးကြီးကို လှည်းလမ်း ပေါ်ကနေ တွန်းထုတ်ဖို့ ကြိုးစားကြတယ်တဲ့။
အဲဒီအမျိုးအစားကကော… အဲဒီ ကျောက်တုံးကြီးကို တွန်းထုတ်မယ့် လူစု.. ဘယ်မှာ ပါလဲ..

အဲဒီလိုပြောလို့ ရှင်ကိုယ်တိုင်ကောဆိုရင် ..
ကျွန်မ ကြိုးစားနေပါတယ်။ ဒါတွေကို ပြည့်အောင်လို့ပေါ့။
အနည်းဆုံးတော့ ဆီဖြစ်လာမယ့် နှမ်းတစ်စေ့ထဲမှာ ကျွန်မ ပါဝင်နိုင်အောင်လို့ပေါ့။
အဲဒီလိုမို့ စာဖတ်သူကလည်း စဉ်းစားကောင်းစဉ်းစားပါလိမ့် မယ်။ ငါလည်း အဲလိုဖြစ်ချင်သား.. ဒါပေမယ့် .. အင်း.. နှမ်းတစ်စေ့ထဲနဲ့ ဆီမဖြစ်ပါဘူး လို့ စဉ်းစားရင် ..

ဆရာ အော်ပီကျယ် စာပေဟောပြောပွဲတစ်ခုမှာ ပြောခဲ့တဲ့ဟာလေးကို ပြန်ပြောပါ ရစေ..

.နှမ်းတစ်စေ့နဲ့လည်း ဆီဖြစ်ပါတယ်.. တဲ့ မယုံရင် နှမ်းစေ့လေး တစ်စေ့ကို ယူပြီး စက္ကူမှာ ကပ်လို့ လက်နဲ့ ဖိကြည့်လိုက်ပါတဲ့ အကွက်ကလေးကျန်တာကို တွေ့ရပါ လိမ့်မယ်တဲ့ အဲဒါနဲ့နှိုင်းယှဉ်ဖို့က လွယ်လွယ် လေးပဲ နောက်စက္ကူ တစ်ရွက်ကို ယူ ရေတစ်စက်ချထားကြည့်လိုက်ပါ။ နောက် ခြောက်သွားရင် ဘာမှ မကျန်ခဲ့တော့ပါဘူး။ ဒါပေမယ့် ဟို နှမ်းစေ့ဖိထားတဲ့ဟာကတာ့ ကွက်မြဲကွက်လျက်ပဲ.. ဘာဖြစ်လို့လည်း ဆိုတော့ ရေမဟုတ်ဘဲ နှမ်းစေ့လေးတစ်စေ့ကနေ ဆီထွက်တာမို့ လို့လေ..

အဲဒီတော့ ဘယ်က စပြီး ဆောင်ရွက်ရမလဲ..တကယ်တော့ အစ ကနေ ပြန်စလို့ မရတာတွေမှ အများကြီး…

(၁)
မိဘတွေအနေနဲ့ကော..(အကုန်လုံးဟု မဆိုလိုပါ.. တချို့သော မိဘများကတော့ ကိုယ့်ကလေး အဲဒီလိုမဖြစ်အောင် စီမံဆောင်ရွက်ကြတာတွေလည်း ရှိပါတယ်)
ဆန်းစစ်ကြည့်ရအောင်.ကိုယ့်ကလေးကို သူငယ်တန်းစထားတယ်။ (တတ်နိုင်လို့ ပရိုက်ဗိတ်ကျောင်း တွေ မှာထားတဲ့သူတွေမပါပါ။ အဲဒီ ပရိုက်ဗိတ်ကျောင်းထားခံရတဲ့သူတွေ အဘက် ဘက်ကတော်လာပါရဲ့.. ဒါပေမယ့်.. တိုင်းချစ် ပြည်ချစ်စိတ် မျိုးချစ်စိတ်ဓာတ် ထက်သန် ဖို့အတွက်တော့… အင်း…)
ဟုတ်ပြီ သူငယ်တန်းမှာစာစသင်တယ်။ စာသိပ်မတတ်ဘူး စာမရဘူး၊ စာမသွားဘူး၊ ဒါကို (မိဘက)သိတယ်။ မသိတာလည်း ဖြစ်နိုင်တယ်..
မသိတဲ့ မိဘထဲမှာပါတယ်ဆို ရင်
-(၁) ကိုယ့်ကလေးရဲ့ အခြေအနေကို သိအောင်လုပ်သင့်ပါတယ် သူငယ်တန်းကလေး တစ်ယောက် တတ်သင့်တတ်ထိုက်တာ တတ်တယ် မတတ်ဘူးဆိုတာလောက် တော့ မိဘက ဆန်းစစ်နိုင်ရပါမယ်
(၂)ကိုယ်ကိုယ်တိုင်က စာတစ်လုံးမှမတတ်လို့ မဆန်းစစ်နိုင်တဲ့မိဘဆိုရင် ကလေးရဲ့ ဆရာမကို အမှန်အတိုင်းပြောပြပေးဖို့တောင်းဆိုပါ လို့ အကြံပြု ပါရစေ။

စာကြွင်း-တကယ်လို့ ဒုတိယ မိဘ-စာမတတ်တဲ့မိဘ ထဲမှာပါနေရင် တော့ ကျွန်မရေးတဲ့ ဒီစာ ကိုလည်း သူတို့ ဖတ်နိုင်မယ်မထင်ပါဘူး။ ဒါဆိုရင်တော့ ဖတ်မိတဲ့သူတစ်ယောက်ယာက်ကနေ ပြောပြပေးဖို့ မေတ္တာရပ်ခံ ပါရစေ။
ဒါပေမယ့် သိတဲ့မိဘက ဘာလုပ်ပါသလဲ…စာမေးပွဲမအောင်မှာပဲစိုးတယ်.. တကယ်မတတ်မှာကို သိပ်မပူဘူး။ ဒီလိုနဲ့ ကလေးကသူငယ်တန်းအောင်တယ်.. ဘာမှသိပ်မတတ်တော့ဘူး။

အဲဒီအချိန်မှာ .. မြန်မာနိုင်ငံရဲ့ ထုံးစံအရ စာမေးပွဲအောင်စာရင်းတွေ ဧပြီလဆန်းမှာ ထုတ်ပြန်လေ့ရှိတယ်။ တက္ကသိုလ်ဝင်တန်းကလွဲရင်ပေါ့။ ဧပြီမှာ အောင်စာရင်းလဲ ထွက် လို့ စာမေးပွဲလည်းအောင်ရော.. ပထမတန်းအတွက် ကျူရှင် စထားတော့တာ ပါပဲ..အဲဒီအချိန်မှာ သြော်.. ငါ့ကလေးလေးဟာ စာမသွားရှာဘူး သူငယ်တန်းစာကို ပြန်သင်ခိုင်းမယ် ဒါမှ စာကြေပြီး ပထမတန်းမှာသူစာလိုက်နိုင်မှာလို့ ဘယ်သူမှ မတွေးကြဘူး။ ပြီးတော့လည်း ကလေးကို အလေးအနက်မထားအောင် ပြောကြသေးတယ်.. အိမ်ကို လာသမျှ ဧည့်သည်တွေကို ပေါ့.. ကြည့်ပါဦး ဒါ..(ကျွန်တော်/ကျွန်မတို့ရဲ့) သားလေး/သမီးလေးပေါ့.. သူဒီနှစ် ပထမတန်းတက် မှာလေ.. ပထမတန်းတက်မယ် လို့သာပြောရတယ်.. ကကြီး ခခွေးတောင် ဖြောင့်အောင်မဖတ်တတ်ဘူး အစ်မရဲ့ .. စသဖြင့်ပေါ့ .. ရယ်စရာလိုလို ဘာလိုလိုလုပ်ပြီးလည်း ပြောတတ်ကြပါသေးတယ်။

ဒီတော့ ကလေးက စိတ်ထဲမှာဘာထင်သွားလည်း ဆိုတော့ ငါသူငယ်တန်းစာမတတ် လည်း အရေးကြီးပုံမရဘူးလို့ ထင်ပြီး နေမြဲအတိုင်း နေတာပါပဲ။

ဒါနဲ့ ပထမတန်းကျူရှင်ဆရာ/ဆရာမကိုရှာပြီး အပ်တော့တာပဲ။

အဲဒီဆရာမက စိတ်ရှည်လို့ သူငယ်တန်းစာကို ပြန်သင်ပေးရင်တော်ရဲ့။ စိတ်မရှည်တဲ့ သူနဲ့တိုးလို့ကတော့ သူလည်းပဲ အလတ်ကျွတ် အလွတ်ကျက်ပဲ.. လာထား..

ဒီတော့ ဘာဖြစ်သလဲကလေးဟာ စာဖတ်ပုံစာဖတ်နည်းရဲ့ concept ကို မသိတော့ဘူးဖြစ်သွားတာပေါ့..
စာဖတ်ပုံ စာဖတ်နည်းရဲ့ concept လို့ပြောလို့ လန့်မသွားပါနဲ့။ ကျွန်မ ပြောချင်တာက
ဥပမာ- ကျွန်မတို့ငယ်ငယ်က ဆရာက .. “ကကြီး” ကနေ “အ” အထိသင်ပြီးလို့ ..
“ကကြီးရေးချ ကာ”.. လို့အသံထွက်တယ်လို့ သင်ပြပေးလိုက်ရင် “ခခွေး”ကို ရေးချ ထည့်ရင် “ခါ”… ကနေပြီး အဆုံးကစာလုံးဖြစ်တဲ့.. “အ” ကို ရေးချထည့်ရင် “အာ”.. လို့ အသံထွက်ရတယ် ..ဆိုတဲ့အထိ နားလည်နိုင်မှုကို ဆိုလိုတာပါ။

အဲဒါမျိုးသိထားရင် ကလေးက “ကကြီးအတွက် ရေးချ ကာ” ကို သပ်သပ်ကျက်.. “ခခွေးအတွက် ရေးချ ခါ” ကို သပ်သပ်ကျက်ဆိုတာမျိုးတွေ လုပ်စရာမလိုတော့ ဘူးလေ။ ဒါပေမယ့် ဒါကို သူသဘောမပေါက်လိုက်တဲ့အတွက်…

သူ့ဘဝမှာ အလွတ်ကျက်ဖို့ပဲ စဉ်းစားတော့တာပါပဲ။ တချို့စာတွေက အလွတ် ကျက်ဖို့ အမှန်တကယ်ပဲလိုအပ်ပါတယ်။ နောင်အခါမှာ အမြဲတမ်းအသုံးဝင်မယ့် အရာမျိုးပေါ့.. အမြဲတမ်းကို မှတ်မိနေသင့်တယ်။ ဒါပေမယ့် တချို့ဟာတွေက အကြောင်းအရာ သဘောတရားကို သိထားရင် ကျက်မှတ်စရာမလိုတဲ့ဟာတွေလေ.. အဲဒီတော့ ကလေးက အဲဒီလို အလွတ်မကျက်မှတ်ရမယ့်ဟာတွေမှာလည်းပဲ အချိန်ယူပြီး ကျက်မှတ်နေရတော့.. တခြားသော ကျောင်းပြင်ပ ဗဟုသုတ အသိဉာဏ်ဖွံ့ဖြိုးရေး ဘယ်မှာလာ လုပ်နိုင်တော့မှာလည်း..ကလေးဆိုတာ ကျောင်းစာတစ်ခုထဲတင်မကဘူး.. ပြင်ပလောကကိုလည်း စူးစမ်းလေ့လာ.. ကစားချိန်ကစား နားချိန်နားလို့… ကလေးဘဝရဲ့ အနှစ်သာရကိုလည်း သိစေရမှာပဲ မဟုတ်ပါလား။

အဲဒီလိုမဟုတ်ဘဲနဲ့ သူ့ကို သတ်မှတ်တဲ့ အဆင့်တစ်ခုမှာ သူက မမီသေးတော့ ယက်ကန် ယက်ကန်နဲ့ ကြိုးစားရတယ်။ မကစားရဘူး မနားရဘူး။ အဲဒီတော့ ဘာဖြစ်လာသလဲ... ဘူးသီးနုနုကို အမွေးသတ်လိုက်သလိုပါပဲ... ကလေးက သူ့ကိုယ်သူလည်း အရမ်းပင်ပန်းတယ်လို့ထင် ရှေ့ကိုဆက်ကြိုးစားဖို့ကလည်း အားအင်ကုန် ..ဒီကြားထဲ.. ရှေ့ .. ရှေ့က ကိုကို မမများကို ကြည့်လိုက်တော့.. ဘွဲ့ရလည်း သုံးလို့မရပါဘူးလို့ ကြားဖန်များလာတဲ့အခါ..

သူ စာမသင်ချင်တော့ဘူး.. စာမဖတ်ချင်တော့ဘူး.. ကျောင်းမနေချင်တော့ဘူး..

ဒီလို အကျိုးဆက်တွေဖြစ်လာပါတယ်။

နောက်တစ်ခုရှိသေးတယ်.. စာရတဲ့ကလေး.. စာလိုက်နိုင်တဲ့ကလေးပဲထားပါတော့.. သူ့ကျတော့ကောဘာဖြစ်သလဲ… ဘက်စုံ..ဘက်စုံ..ဘက်စုံ ဆိုတဲ့ သတ်မှတ်ချက် တစ်ခုအတွက် ဒုက္ခရောက်တော့တာပါပဲ.. တစိုက်မတ်မတ်လုပ်ရခြင်းကြောင့် ရတဲ့ အကျိုးကျေးဇူးဆိုတာ သူမသိတော့ဘူး.. ဟိုအကြောင်းအရာမှာလည်း… စပ်စပ် ..စပ်စပ် ဒီအကြောင်းအရာမှာလည်း… စပ်စပ်..စပ်စပ်.. (ပါရမီရှင်ဆိုရင်လည်း ရနိုင် ကောင်းပါရဲ့)

ကျွန်မတွေးမိသလောက်ပြောရရင်တော့ .. ဘက်စုံဆိုတဲ့ကိစ္စက ကလေးရဲ့ ကစားချိန် နားချိန်ပြီးလို့ ပိုနေတဲ့အချိန်ကို အသုံးချပြီး တော့ တခြား သူစိတ်ဝင်စား တဲ့ စာပေ ဂီတ အနုပညာ..အားကစား တစ်ခုခုကို လေ့လာလိုက်စားပြီး ကျွမ်းကျင်လာတာကို ပြောတာ မဟုတ်ဘူးလား။ မရှိရှိတဲ့အချိန်တွေ ကွက်တိထားပြီး ကလေးကို သင်စေမှာလား။ အဲဒီ လိုကလေးမျိုးကျတော့လည်း ..သူ့မှာ လူလည်း (အိပ်ချိန်ကလွဲလို့) နားချိန်မရှိ၊ ဦးနှောက်ကလည်း နားချိန်မရှိ.. ဒီတော့ဘာဖြစ်ပါသလဲ.. သူလည်းပဲ .. အင်း….

ကျွန်မငယ်ငယ်က -ငယ်ငယ်ဆိုပေမယ့် အလယ်တန်းလောက်အရောက်မှာပါ။ ကျွန်မသူငယ်ချင်းတစ်ယောက် စာတော်တော်ကြိုးစားပါတယ်။ အလွန်အကျွံကို ကြိုးစားတာ.. အားတိုင်း သူစာကျက်နေတာပဲ။ အဲဒါကို ကျွန်မက

“အမေ သူက သိပ်ကြိုးစားတာပဲနော်”

လို့ပြောမိတော့ ကျွန်မအမေက

“ငါ့သမီးလေး…လာ”

ဆိုပြီး ကျွန်မတို့ သီးပင်စားပင် စိုက်ထားတဲ့ခြံထဲကိုခေါ်သွားပြီးတော့ မြေကြီးထဲကဖော်ပြီး နေလှန်းထားတဲ့ သစ္စာပန်းမျိုးဥတွေကို ပြပြီး ဘာပြောလဲဆို တော့ ..

“သမီးလေးရဲ့ တွေ့လား..ဒီသစ္စာပန်းဥဟာလေ.. မြေကြီးထဲက မဖော်ဘဲ ဒီအတိုင်းထားလည်းသူက အချိန်တန်ရင် အပင်ပြန်ထွက်လာပြီး သစ္စာပန်းပွင့်မှာပဲ..”

“ဒါပေမယ့်ဘာဖြစ်သလဲ သမီးလေးသိလား.. ဒီနှစ်ပွင့်တဲ့ ပန်းပွင့်ရဲ့ အရွယ်ထက်သေးတဲ့ ပန်းလေးတွေပဲ ပွင့်လာမှာ”

“အဲလို မဖြစ်အောင် အဲဒီပန်းမျိုးဥတွေကို ဖော်ပြီး အပြင်မှာထားပေးရတယ်”

“အဲဒီလိုလုပ်တာကို သစ်စေ့နားတယ်လို့ခေါ်တယ် သမီးလေးရ
သစ်စေ့တောင်မှ နားချိန်ပေးရရင်
လူဆိုတာလည်း နားချိန်ပေးရတယ်ခန္ဓာကိုယ်ကို
အနားပေးဖို့ လိုသလိုဦးနှောက်ကိုလည်း အနားပေးဖို့လိုတယ်။
ကစားချိန်ကစားရမယ်.. နားချိန်နားရမယ်..
စာကြည့်တဲ့အချိန်မှာလည်း စာကြည့်ရမယ်မျှမျှတတလည်း ရှိရမယ်”

လို့ ပြောပြဆုံးမခဲ့ဖူးတာကို မှတ်မိနေပါသေးတယ်။

စိတ်ခွန်အားရော.. လူခွန်အားရော.. ပြည့်နေပါမှလည်း စာဖတ်ချင်စိတ်ဖြစ်မှာပါ။

တကယ်တော့ စာဖတ်ချင်တဲ့စိတ် စာသင်ချင်တဲ့စိတ် တွေရှိမှလည်းပဲ သင်၊ တတ်၊ ဖတ် ပြီး တွေးခေါ်ဉာဏ်ရည်တွေ က တက်လာမှာပါ။ စာဖတ်ချင်တဲ့စိတ်ရှိလို့ ဖတ်တယ်။ ဖတ်တဲ့အကြောင်းအရာပေါ်မှာ ကောင်းတဲ့အချက်ကို ယူနိုင်တယ်။ စာများများဖတ်ရင် များများသိတာပဲ။ များများသိရင် များများ ဆင်ခြင် တွေးခေါ် နိုင်တာပါပဲ။ များများ ဆင်ခြင်တွေးခေါ်နိုင်လေ.. အကျိုးရှိတာ တွေကို လုပ်နိုင်လေ ပါပဲ။

ကဲ ထားပါတော့

(၂)
စာမတတ်လည်း ပိုက်ဆံရှိရင် စာတတ်တဲ့သူတွေကိုခိုင်းနိုင်တာပဲလို့ တော်တော်များ များက အရိုးစွဲသလောက် နီးနီး ထင်နေကြတယ်။ စာတတ်တဲ့သူကို ဘယ်လောက် ထိ ခိုင်းနိုင်မှာလဲ.. ထား.. ကိုယ်တစ်သက်လား.. စာလည်းတတ်ပြီး သမာသမတ် ရှိတဲ့သူကို ကံကောင်းစွာနဲ့ ရရင်သာ ကိုယ်ကခိုင်းစားနိုင်တာပါ။ စာတတ်ပြီး ဉာဏ်နီ ဉာဏ်နက်များတဲ့သူကို ကိုယ်က ပိုက်ဆံထုပ်ကိုင်ပြီးခိုင်းစားကြည့်ပါလား.. ဟိုက ပါးပါးနွှာသွားလို့.. တစ်ခါထဲ သူဌေးမျိုးဆက်ဆိုရင်တောင် ကိုယ့်အလှည့်ကနေ ပြတ်ပြီသာမှတ်။ ခဏနဲ့ သူက စာတတ်လို့ လိမ်တာကို ကိုယ်ကသိ လို့ နောက်တစ်ယောက် ရှာပါပြီတဲ့ နောက်တစ်ယောက် ကောင်းရဖို့ဆိုတာမလွယ်။ ဘယ်အရာမဆို ခဏခဏ ခါးပြတ်လည်း မကောင်းဘူ။ ခဏ ခဏ တစ်ကပြန်စ လို့လည်း မကောင်းဘူး။ သုံးကျောင်းပြောင်းတဲ့ရှင် မကောင်းဘူးဆိုသလို .. အလုပ်သမား(ကာယ ဉာဏ လုပ်သား) ခဏ ခဏပြောင်းရတဲ့ သူဌေးကလည်း ကြီးပွားမယ်လို့ ထင်ပါသလား။

နောက်ပြီး စာမတတ်ဘဲ သူဌေးဖြစ်တဲ့လူအရေအတွက်နဲ့ စာမတတ်ဘဲ ..လက်လုပ် လက်စား နေ့စား(ကာယလုပ်သား)ဖြစ်နေတဲ့လူ အရေအတွက် ဘယ်ဟာက များမယ် ထင်ပါသလဲ။

အဲဒီလိုသာ စာမတတ်သူတွေများလာရင် ..နောင်လာနောက်သား မျိုးဆက်တွေ ကော.. ဘာတွေဖြစ်လာမှာလဲ..

(၃)
ဆရာ/ဆရာမတွေအနေနဲ့ကော

ကလေးကို စောစောက တင်ပြခဲ့တဲ့အတိုင်း အတတ်နိုင်ဆုံး သဘောတရား နားလည် အောင် သင်ပေးရင် ဖြစ်နိုင်တာပဲမဟုတ်လား။ ကိုယ်လက်ခံသင်ပေးရမယ့်ကလေး ကို လွန်ရောကျွံရော တစ်လလောက်သင်ကြည့်ပြီးရင် ဒီကလေးဟာ စာလိုက်နိုင် တယ်မလိုက်နိုင်ဘူးသိပါတယ်။ အဲဒီလို မလိုက်နိုင်ရင်လည်းပဲ ကလေးကို တစ်ဆင့် နိမ့်တဲ့အတန်းကို ပြန်ထားဖို့လည်း ဆုံးဖြတ်လုပ်ပိုင်ခွင့် ရှိရပါမယ်။ အဲဒီအဆင့်ကို မရောက်ခင်ကတော့ အဲဒီအတန်းမှာ တတ်ရမယ့်စာကို တတ်အောင်သင်နိုင်ဖို့ပါပဲ။ ကလေးက အများတကာတွေလို မလိုက်နိုင်လဲဘဲ အောင်မှတ်ရအောင်လောက် တော့ ဖြစ်ညှစ်သင်ပြီး အောင်ချက်ကောင်းအောင်လည်း လုပ်ကြရသေးသည်ကိုး။ မိဘ ဆရာက အဲဒီမှာ သေသေချာချာကို သွားပူးပေါင်းတော့တာကလား…။ ကျွန်တော်/ ကျွန်မသားကတော့ဖြင့် စာမရလို့ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် စာတတ်သွားအောင်သင်ပေးပါဆရာ… လို့ ဘယ်သူမှမပြောဘူး.. အောင် အောင် ကြိုးစားပေးပါဆရာရယ်… လို့ပဲ ပြောကြတာကိုး။ ဒီတော့ ကလေးတွေကို စာသင်တဲ့အခါမှာလည်း ဒီသင်လိုက်တဲ့အကြောင်းအရာတွေကို လက်တွေ့ဘဝမှာ ဘယ်လိုအသုံးပြုရမယ် ဆိုတာကို သင်ဖို့ အချိန်သိပ်မရှိပါဘူး။ စာမေးပွဲမှာ ဒီကလေး သတ်မှတ်တဲ့အမှတ်ပြည့်မီဖို့ အမှတ်ရဖို့လောက်ပဲ တွန်းအား ပေး အားစိုက်နေရတော့ကာ.. ဘယ်အရာတွေကို လက်တွေ့ဘဝအတွက် တကယ် မှတ်သားထားသင့်တယ်.. ဘယ်အရာတွေကတော့ ကိုယ့်နိုင်ငံအတွက် ..လူသားရဲ့ သမိုင်းပေးတာဝန်တွေဖြစ်တယ် ဆိုတာမျိုးတွေ ကို ကလေးတွေ ရင်ထဲ အသိဉာဏ် ထဲရောက်အောင် မသွင်းပေးနိုင်တဲ့အနေအထားကို ရောက်သွားတော့တာပါပဲ။ အဲဒါရဲ့ အကျိုးဆက်က ဘာဖြစ်လာသလဲဆိုတော့ ကလေးကလည်း သူအမှတ်ရဖို့ ကျက်မှတ်တာကလွဲလို့ ..ဒါဟာ ဘာအတွက်အသုံးဝင်တယ်.. ဘယ်လိုဖြစ်သင့် တယ်.. ဘာကြောင့်ဖြစ်လာရတယ်.. ဒီအတွက် ဘာတွေဖြစ်လာနိုင်တဲ့ ဆိုတဲ့ တွေးခေါ်မှုဆိုင်ရာစွမ်းရည်အလေ့အကျင့် မရတော့ပါဘူး။ တွေးခေါ်မှုဆိုင်ရာစွမ်းအား မရှိရင် ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းဆိုတာလည်း လျော့လာမှာပါပဲ.. အဲဒီလို ဆင်ခြင်ဆုံး ဖြတ်နိုင်စွမ်းအားနည်းတဲ့သူ.. အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချတဲ့ နေရာတွေမှာများ တာဝန်ပေးအပ်ခြင်းခံရရင်.. ဘာတွေ ဖြစ်သွားနိုင်မလဲ..

ဒါကတော့ ..ရေရှည်အတွက် စဉ်းစားမိတာပါ..

လက်ရှိအတွက်ကကော.. တစ်ပွဲတိုးကျောင်းသားနဲ့ တစ်ပွဲတိုး ဆရာနဲ့တွေ့တော့ တာပါပဲ။ အဲဒီမှာလည်း ဘာသွားတွေ့လည်းဆိုတော့ ကျောင်းတွေမှာ စာသင် ကြားရေးအပြင် ..ထွေလီကာလီတွေပါလာတာမို့ .. ဘယ်ဟာက အဓိကလဲ.. ဘယ်ဟာက သာမညလဲ.. ဆိုတာ ဆရာတွေ ဆရာမတွေတောင် မှ သတိမထား နိုင်တော့လောက်အောင်ပဲ အလုပ်တွေ ရှုပ်နေရတာ မဟုတ်ပါလား.. ကျောင်းသူ ကျောင်းသားတွေဆို ပိုဝေးပေါ့.. Lies, Damned Lies and Statistics ဆိုတဲ့စကားကို ကြားဖူးကြမှာပါ.. ဒီလို ကိန်းဂဏန်းတွေ ပြနိုင်ဖို့အတွက် အောင်ချက် သတ်မှတ်ချက် ကိန်းဂဏန်း ကျမှာစိုး လို့ နည်းမျိုးစုံနဲ့ ကျောင်းသားကို အောင် အောင် လုပ်ပေးရတော့တာပဲ မဟုတ်လား..။ “ဟေ့.. တွေးမနေနဲ့ အလွတ်သာကျက် ..ဒါပါ လို့ ဒါဖြေနိုင်ရင် ဘယ်နှမှတ်ရမယ်” ဆိုတာမျိုးတွေလေ။ အဲဒါက ဆရာတွေ အပြစ်လား ဆိုတော့ မဟုတ်ပါ။ အဲဒီလို အောင် အောင် မသင်နိုင်ရင်လည်း သူ့တို့ရဲ့ သမုဒ္ဒရာ ဝမ်းတထွာကို ထိတော့မှာ မဟုတ်လား။ စနစ်ရဲ့အပြစ်သာဖြစ်လေသည်။ အခုချိန်မှာတော့ ပြောင်းလဲနေတဲ့ (Transforming age for Myanmar) ကာလ ဖြစ်တာနဲ့အမျှ ပိုမိုကောင်းမွန်တဲ့ ပညာရေးစနစ်ကို သွားနိုင်မယ်လို့ ထင်ရတာပါပဲ။ အဲဒီ စနစ်မှာတော့ အရေအတွက်တွေ အရောင်အသွေးတွေထက် အရည်အချင်းကို ဦးစားပေးနိုင်မှသာ ကောင်းမယ် မဟုတ်ပါလား။ အဲဒီလိုမှမဟုတ်ရင်တော့.. သမိုင်းမှာ ..အပြစ်ရှိတဲ့ပုဂ္ဂိုလ်တွေ အဖြစ် ဘယ်သူတွေ ဖြစ်ကျန်နေတော့ မှာပါလဲ..

(၄)
ကောင်းတဲ့ဖက်ကနေ စဉ်းစားကြည့်ရင်…

ရွာစဉ်ထိုထို တက္ကသိုလ်.. ရှိတာမကောင်းဘူးလား.. မြို့မှာတက်ပြီး ကျောင်းနေဖို့ ပိုက်ဆံမတတ်နိုင်တဲ့ လူအများစုအတွက် အခွင့်အရေး ရတာပဲမဟုတ်ဘူးလား… မယုံမရှိနဲ့ကိုယ်တွေ့… ကိုယ့်မြို့မှာများ တက္ကသိုလ်လာမဖွင့်ရင် အဝေးသင်နဲ့ပဲ ပြီးရမယ့်ဘဝ… ဒါပေမယ့် ကိုယ်နေတဲ့မြို့မှာတက္ကသိုလ်လာဖွင့်တော့ ပညာကို ဆုံးခန်းတိုင် နေ့ကျောင်းတက်ခွင့်ရခဲ့တာ။

မြင်မြင်သမျှပါမောက္ခ..မကောင်းဘူးလား.. စာမတတ်သူနည်းပါးတယ်.. ဉာဏ လုပ်သားတွေများလာတယ် ဆိုတဲ့ အဓိပ္ပါယ်ပဲ မဟုတ်ဘူးလား.. ပါမောက္ခ အဖြစ် သတ်မှတ်ခြင်းခံထားရတဲ့သူတွေဟာလည်း လွယ်လွယ်တော့ မဖြစ်လာနိုင် ပါဘူး..သူတို့တွေလည်းပဲ အတိုင်းအတာတစ်ခုထိ ကြိုးစားခဲ့ကြရမှာပဲ မဟုတ်ဘူး လား…

တွေ့သမျှလူ ပါရဂူ..အဲဒီတွေ့သမျှလူ ပါရဂူထဲမှာ ကိုယ်ပါအောင်ပဲ အရင်အားထုတ် ကြည့်လိုက်ပါဦးလား…သချင်္ာတွက်တာတောင်မှ သူများတွက်တာကို ရပ်ကြည့်ရတာ နဲ့ ကိုယ်တိုင်တွက်ကြည့်လို့နားလည်တာနဲ့ မတူဘူးမဟုတ်လား.. ကြိုးစားကြည့် ပါ…

ကျန်တဲ့ဘွဲ့တွေအတွက်..နိုင်ငံတကာမှာ မြန်မာနိုင်ငံက ဘွဲ့ရတွေဆိုရင် အလုပ် တန်းခန့်တာပဲ ဆိုတဲ့အသံ ကြားရရင် ကောင်းမယ်မဟုတ်ပါလား..

အဲဒီလို အသံကြားရဖို့ဆိုရင် ..

“ လှည်းဘီး နွံထဲကျွံနေသည်
ကူ၍တွန်းပေးကြပါ
လေးလွန်း၍မတွန်းနိုင်ဘူးလား
ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်...”

ဆိုသလို မြည်တွန်တောက်တီးနေတဲ့ ရွာသားအုပ်စုထဲမှာ မပါဘဲ ဝင်တွန်းတဲ့အထဲမှာ ပါဝင်ပြီး ပြိုင်တူတွန်းရင်ရွေ့နိုင်ကောင်းရဲ့လို့ မျှော်လင့်ယုံကြည်ပြီး ရေးသားလိုက်ရပါတယ်။


ညလေးညို






Wednesday, May 16, 2012

လွတ်လပ်ခွင့်



ငှက်ကလေးရေ...

   ငါ  နင့်ကို လှောင်အိမ်လေးထဲ ထည့်ထားမိတယ်ဆိုတာ
   နင်  အပြင်မှာ ပျံသန်းနေထိုင်ရင်း ဘေးတွေ့မှာစိုးလို့ပါ
   ဒါပေမယ့်...နင် မပျော်ရင်  ငါ
  လွှတ်ပေးလိုက်မှာပါ။

နင်... ကောင်းကင်လောကကျယ်ကြီးထဲမှာ ဖြစ်လာသမျှတွေကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ရင်း
နင့်ကို..လွှတ်ပေးလိုက်မိတဲ့ငါ နောင်တမရမိအောင် နေပါနော်...။

ငါးကလေးရေ...

   ငါ  နင့်ကို အလှမွေးကန်ထဲ ထည့်ထားမိတယ်ဆိုတာ
   နင်  အပြင်မှာ ကူးခတ်လှုပ်ရှားရင်း သားစားငါးနဲ့ တိုးမှာစိုးလို့ပါ
   ဒါပေမယ့်...နင် မပျော်ရင် ငါ
   လွှတ်ပေးလိုက်မှာပါ။

နင်.. ရေပြင်ကျယ်ကြီးထဲမှာ ကူးခတ်ရှင်သန်နေထိုင်လို့ အန ္တရယ်တွေရှောင်ရှားရင်း
နင့်ကို ..လွှတ်ပေးလိုက်မိတဲ့ငါ နောင်တမရမိအောင် နေပါနော်...။


ညလေးညို

 






တခါတခါနဲ့ ဝေဒနာနဲ့


တခါတခါမှာ
ငါ့ အကြင်နာတွေဟာ..
နင့်ကို...
ဒဏ်ရာတွေပဲ
ဖြစ်စေခဲ့သလား ...။

တခါတခါမှာ
ငါ့ စေတနာတွေဟာ..
နင့်ကို...
ဒဏ်ရာတွေပဲ
ဖြစ်စေခဲ့သလား ...။

တခါတခါမှာ
ငါ့ မေတ္တာတွေဟာ..
နင့်ကို...
ဒဏ်ရာတွေပဲ
ဖြစ်စေခဲ့သလား ။

တခါတခါမှာ
ငါ့ ကရုဏာတွေဟာ..
နင့်ကို...
ဒဏ်ရာတွေပဲ
ဖြစ်စေခဲ့သလား ...။

ငါမသိခဲ့ပါဘူး...
ဒါတွေကြောင့် နင်...
ငါ့နှလုံးသားကို
ဝေဒနာတွေ
ရစေခဲ့တာလား ...။

တခါတခါမှာ
ဝေဒနာတွေက
ငါ့ကိုပြောတယ်..
နေသာသလိုနေပါ...တဲ့

ဒါပေသိ..
"ငါလည်းလေ လောကီသားပေမို့"
ငါမနေသာသရွေ့
ဝေဒနာတွေနဲ့
တွေ့နေရဦးမှာပါလား...။

       ညလေးညို