Wednesday, January 30, 2013

လတ်တလော ရင်ထဲရောက်နေသော ကဗျာတစ်ပုဒ်

"ရေကြောင့်လောင်သောမီး"  
မြင်းမူ-မောင်နိုင်မိုး

(၁)
အချစ်ကို အကြည့်မှားလေတဲ့
 မိဖုရားစောလုံ။
သင်္ကြန်ခါ နွေတစ်ရက်မှာတဲ့
ရေပက်ခဲ့ပုံ။
ပိတောက်ခက် မထုံ့တထုံ
ကိုယ်ဝတ်ရုံ မကြော့တကြော့။
ရွှေရင်စည်း မလုံ့တလုံ
ဆံမြိတ်ငုံ မလျော့တလျော့။
မင်းဘုရင်
အတင်းပင် ကျီစယ်ချင်သမို့
သည်မယ်ခင် တစ်ကိုယ်တဲ(တည်း)ကိုဖြင့်
စိုရွဲအောင် အတာရေနဲ့
ဖြာပစေ တမင်ညွှန်း
မွန်းခဲ့ပြီပေါ့။
(၂) 
အချစ်ကို အသိမှားလေတဲ့
မိဖုရား ရွှေရင်မှာ
အမုန်းပင် လျင်စွာပျိုးလို့
မုန်းမိုးစွေရွာ။
အသည်းနာ
လွဲရှာတဲ့အမှား၊ အပေးကို အယူမတတ်လေတော့
အတွေးကို အပူဟပ်ပါလို့
ပွဲတော်စာ အဆိပ်ခတ်တယ်
သတ်မယ်တဲ့လား။
(၃) 
အချစ်နဲ့ ကျီစယ်ဆန်းပေမယ့်
အပြစ်ဖွဲ့ရည်ရွယ်ခန်းတွေကြောင့်
အလွမ်းနဲ့ ဆုံးပြီထင်...။
"သင်းအကြံ မလျော်ငြားလေသတဲ့"
မင်းမာန်ကို မကျော်လွှားနိုင်ဘု
မှားမိတဲ့ခင်။
ဖိုကျင်ထိုး သံကျပ်တင်
မီးလျှံတွင် အသေသတ်။
သံယောဇဉ်တစ်မျှင်ကြိုးကို
ငြိုးမာန်နဲ့ဖြတ်။
(၄) 
ပုဂံမြေ
လျှံဝေတဲ့အပူငွေ့။
အချစ်ကို အမြင်လွဲတော့
ရင်ထဲကြွေမြေ့ (မြည့်)။
ဥသြပျို
ပင်အိုထက် ငိုညဉ်း။
အချစ်မြေ ရေတစ်ပေါက်ကြောင့်
           တောက်ခဲ့တဲ့မီး။      ။