Friday, October 14, 2011

အဖေ .. ကျွန်မနဲ့ ... ဟင်းချက်ခြင်း

ငယ်ငယ်ကထဲက ချူချာတဲ့ကျွန်မကို အမေက မီးဖိုချောင်ထဲ ပေးမဝင်ပါ။ တခါတလေတော့လည်း အမေ့နား ကပ်ချွဲရင်း မီးဖိုချောင်မှာ အမေချက်တာကို ကြည့်ဖြစ်တာပဲရှိသည်။ ဒါကြောင့်မို့လည်း ကျွန်မ ငယ်ငယ်က ထမင်းဟင်း ကောင်းကောင်းမချက်တတ်ခဲ့ပါ။ အမြင်နဲ့တော့ ဘယ်လိုလုပ်ရမလဲ နည်းနည်းသိသည်ပေါ့။



ကျွန်မ ဆယ်တန်းဖြေပြီးလို့ကျောင်းပိတ်ထားတဲ့ရက်တစ်ရက်မှာ အမေနဲ့အစ်မတို့ကိစ္စတစ်ခုနဲ့ မိုးလင်း ကတည်းကနေ ညနေထိ တနေကုန်အပြင်ထွက်ဖို့ကိစ္စပေါ်လာပါတယ်။ မနက် လေးနာရီကတည်းက သွားရမှာတဲ့။ နယ်မှာက အခမ်းအနားတစ်ခုလုပ်လျှင် အစောကြီး ကြိုခေါ်လူစုတတ်တဲ့သဘော ရှိလေသည်။ အဲဒါကိုလည်း ည ၇ နာရီမှာလာပြောတာဖြစ်သည်။



အမေက

“ မနက်စာတော့ အမေ ကော်ဖီနှပ်ပေးထားခဲ့မယ်..

အီကြာကွေးသည်လာရင် သမီးအဖေ သူ့ဟာသူ ဝယ်ပြီး ကော်ဖီနဲ့ သောက်ပြီး ရုံးသွားလိမ့်မယ်

နေ့လည်စာအတွက်က

သမီးငယ် က မချက်တတ်တော့ ဖြစ်မှာမဟုတ်ပါဘူး

အဖေ့အတွက် ထမင်းတစ်အိုးချက်ပြီး

ဟင်းကိုတော့ အပြင်ထွက်ပြီး ဝယ်ပေးလိုက်နော် ”

လို့စိတ်မချစွာမှာရှာသည်။ ဒါပေမယ့် ကျောင်းအားနေပြီး လုပ်ချင်ကိုင်ချင်စိတ်ကလေးကလည်း ရှိနေတော့ တစ်ခါမှ ဟင်းချက်လေ့ချက်ထမရှိတဲ့ ကျွန်မ အမေနဲ့အစ်မကို အာမဘနေ ္တခံပြီး

“အမေ မပူနဲ့စိတ်ချ သမီးအဖေ့ကို အဆင်ပြေတာချက်ပြီးပြင်ဆင်ပေးလိုက်မယ်”

ဆိုတော့ အမေက

“အင်းလေ

ချက်ကြည့်ပေါ့ .. အဆင်မပြေရင်တော့ ဟင်းသွားဝယ်ပေးလိုက်နော် ..”

ဟု စိတ်မချလက်မချ ထားသွားပါသည်။

ဒီလိုနဲ့ ကျွန်မ ထမင်းအိုးကိုအရင်တည်လိုက်ပါတယ်။ ထမင်းကတော့ ကိစ္စမရှိဘူးလေ ရိုက်စ်ကွတ်ကာနဲ့ ချက်တာဆိုတော့. .. ဆန်ကို နို့ဆီဗူးခွံနဲ့ ၂ ဗူးထည့်လိုက်တယ် ပြီးတော့ ဆန်ကိုစင်အောင်ဆေး.. ပြီးတော့ ရေကိုလည်း ဆန်ပေါ်ရေကျော်လက်ခလယ်တစ်ဆစ်တိတိ ထည့်လိုက်တယ် ပြီးတော့ ခလုတ်နှိပ်ထားတော့ ပြီးသွားရော။ ကျက်ရင် သူ့ဟာသူ ခလုတ်တက်သွားလိမ့်မပေါ့။ ဒါပဲ။



အမေတို့က စျေးလည်းမသွားပေးထားတော့ ခြံထဲက ရှိတာပဲခူးချက်မယ်လို့ ကျွန်မစိတ်ကူးလိုက်ပါတယ်။ ကျွန်မတို့နေတဲ့အိမ်ဘေးဘယ်ဖက်နဲ့ အနောက်ဖက်မှာ မြေကွက်လပ်တွေမှာ အမေက အားရင်အားသလို သီးပင် စားပင်တွေစိုက်လေ့ရှိပါတယ်။ ဒါနဲ့ ကျွန်မခြံထဲကိုလိုက်ကြည့်လိုက်တော့ ၄၅ ရက် ဘိုစားပဲတွေက အခုမှ သီးကာစသေးသေးလေးတွေပဲရှိတော့ ခူးပြီးကြော်လို့မရ.. ရုံးပတေသီးကိုကြည့်တော့လည်း မရသေး .. ဒါနဲ့ ကျွန်မခြံနောက်ဖက်သွားကြည့်လိုက်တော့ လား…လား… ပဲသီးတောင့်သေးသေးလေးတွေ အများကြီးသီးနေတာပဲ.. ပဲလွန်းလို့ခေါ်တဲ့ပဲသီးတွေလေ (တကယ်တမ်းတော့ အဲဒီ ပဲလွန်းဆိုတာ အစေ့ပဲစားတဲ့ ပဲသီးမှန်း ကျွန်မနောက်ကျမှ သိခွင့်ရခဲ့ပါသည်။ ) ..ကျွန်မဝမ်းသာအားရနဲ့ ပဲသီးတွေခူး.. ပြီးတော့ ပဲသီးဆိုရင် နုသလား ရင့်သလား လက်နဲ့ဆိတ်ကြည့်ရကောင်းမှန်းမသိတဲ့ကျွန်မ အကုန်လုံးကို အနေတော်အရွယ်လေးတွေရအောင် ကပ်ကြေးနဲ့ညှပ် ရေဆေး၊ ကြက်သွန်ဖြူ ကြက်သွန်နီ ငြုပ်သီးမှည့်အခြောက် ၄ တောင့်လောက်နဲ့ ထောင်း ၊ ပြီးတော့ ဆီသပ်.. အဲဒီညှပ်ထားတဲ့ ပဲသီးတွေထည့်ချက်..ဆားနည်းနည်း ဟင်းချိုမှုန့် နည်းနည်းထည့် ပြီးတော့ ခဏလောက် အဖုံးအုပ်ထား လိုက်သေးတယ်။ ပဲသီးတွေအရောင်ပြောင်းတော့ မွှေးအောင်လို့ဆို မဆလာလေးနည်းနည်းထည့်လိုက်သေး တယ်။ ဟင်းလေးက ဆီပြန်ပြီး မွှေးနေတာပဲပေါ့. ဟင်းရည်ရဲ့ အရသာကိုလည်း နည်းနည်းမြည်းကြည့်လိုက်သေးတယ်.. အံမယ်မယ်. အရသာကအဆင်ပြေတယ်ပေါ့.. အမေ့လိုလည်း ဖွယ်ဖွယ်ရာရာမလုပ်တတ်တော့ အင်း ငါဟင်းတစ်မျိုးကောင်းချက်ပေးလိုက်ရင် အဖေတော့ စားလို့ရမှာပါ လို့လည်း ကိုယ့်ကိုကိုယ်အားပေးရသေးသည်။



အဲဒီထမင်းနဲ့ဟင်းတစ်မျိုးလေးချက်တာတောင် ကျွန်မမှာ ..ဟင်းလည်းကျက်ရော နေ့လည် ၁၁ နာရီကျော်နေပြီ။ လူကလည်း မီးဖိုနားမှာနေရတော့ ချွေးတွေနဲ့ မောလည်းမောနေပြီ။ အဖေလည်း ရုံးကနေ နေ့လည် ထမင်းစားပြန်လာပါပြီ။

ကျွန်မလည်း အဖေ့အတွက် ထမင်းပွဲပြင်ပြီးတာနဲ့..

“အဖေ .. ထမင်းစားလို့ရပြီ

ဒီနေ့ သမီးချက်ထားတာ

ပဲသီးဟင်းလေ အဖေ ..

ကြက်သားမဟုတ်ပေမယ့် သမီး မဆလာ ထည့်ချက်ထားတာ မွှေးနေတာပဲ .. “



“အေး..အေး စားမယ်သမီး”



ဆိုပြီး လက်သွားဆေးပြီး ထမင်းစားပွဲမှာလာထိုင်ပါတယ်။



“သမီးငယ်ကော မစားသေးဘူးလား..”



ကျွန်မမှာ မနက်ကတည်းက ဒီထမင်းတစ်နပ် အောင်မြင်ဖို့လုံးပမ်းနေရတာမို့ အရမ်းမောသလိုဖြစ်နေတာနဲ့



“မစားသေးဘူး အဖေ.. သမီးနည်းနည်းမောနေလို့ နားပြီးမှ စားမယ်”



“အေး သမီးငယ် နေမကောင်းရင်လည်း အပြင်ကဝယ်လိုက်တာမဟုတ်ဘူး ..

အဖေက ဘယ်လို ဖြစ်ဖြစ်ရပါတယ်”



“ရပါတယ် အဖေရဲ့ နည်းနည်းနားလိုက်ရင် ကောင်းသွားမှာပါ

သမီးလည်း ကျောင်းပိတ်ထားလို့ အားနေတာပဲဟာ..

အဖေ စားနော် .. သမီး ခဏ သွားနားလိုက်ဦးမယ် ..

ရေနွေးကြမ်းက ဒီမှာ ..”



လို့ ကျွန်မပြောထားခဲ့ပြီး အဖေထမင်းစားတာကို မစောင့်တော့ဘဲ ကျွန်မအခန်းထဲမှာ ခဏသွားနားနေလိုက်ပါတယ်။



“သမီးရေ ..အဖေ စားပြီးသွားပြီ

ငါ့သမီးချက်တာ တော်တော်ကောင်းတယ်..

အဖေ ရုံးကို ပြန်သွားတော့မယ်..”



အဖေ့အသံကြားတော့မှ ကျွန်မ



“ဟုတ်ကဲ့ အဖေ..”



ဆိုပြီး အခန်းထဲကထွက်လာပြီး ထမင်းစားပွဲကို ကြည့်လိုက်တော့

အဖေ့အတွက် ထည့်ပေးခဲ့တဲ့ထမင်းပန်ကန်ကတော့ ထမင်းကုန်နေပါပြီ.. ကျွန်မ ဝမ်းသာသွားတယ်..

“သြော်.. အဖေက ငါချက်ပေးတဲ့ ထမင်းကို ကုန်အောင်စားသားပဲ” လို့လေ

ဒါနဲ့ ပဲသီးဟင်းကို ကြည့်လိုက်တော့ ပဲသီးဟင်းပန်းကန်ထဲမှာလေ .. အရည်တွေပဲအကုန်ကုန်နေပြီး အသီးဖတ်တွေ က ကျန်နေရော..

ဟင်..

အဖေက ပဲသီးဟင်းကို မကြိုက်ဘူးလား..

ငါချက်တာပဲမကောင်းလို့လား..

ပြောတော့ ငါ့သမီးချက်တာကောင်းတယ်ဆိုပြီး ပဲသီးဖတ်တွေချည်း ချန်ထားခဲ့တယ် .. ဆို ပြီး စိတ်ထဲမှာ မကောင်းပါ။ စိတ်လည်း နည်းနည်း ဆိုးချင်သလိုလို ဖြစ်နေပါသည်။ မမကြီး ချက်တာကျတော့ ငါ့သမီးကြီးချက်တာ ကောင်းတယ် ကောင်းတယ် ဆိုပြီး ဟင်းတွေ အကုန်ကုန်အောင် စားတတ်တဲ့အဖေ.. ငါချက်တဲ့ဟင်းကျတော့ ကုန်အောင်မစားပါလား.. လို့ လည်း ဝမ်းနည်းနေမိလေသည်။ အေးလေ ငါချက်တာ မကောင်းလို့နေမှာပေါ့ ငါ့ဟာငါ မြည်းတုန်းကတော့ ကောင်းသား.. လို့ စိတ်ထဲကလည်း တွေးလိုက်မိသေးသည်။ ဗိုက်ထဲကလည်း ဆာသလိုလို ရှိလာတာမို့

“ကဲ.. ငါလည်း ထမင်းစားဦးမှပဲ” ဆိုပြီး ကျွန်မ ထမင်းခူး အခုနတုန်းက အဖေချန်ခဲ့တဲ့ ပဲသီးဟင်းနဲ့စားမယ် ဆိုပြီး ထမင်းတလုတ်ကို စ စားလိုက်ပါတယ်။ အမလေးနော် ..ကိုယ့်ဟာကိုယ် စားကြည့်တော့မှ ပဲသီးဟင်းကလေ အရည်က အရသာတော့ ရှိပါရဲ့ ပဲသီးတွေက ရင့်ထော်နေလိုုက်တာမှ ၀ါးလို့တောင်မရပါလား…။ ဒီတော့မှ ကျွန်မလည်း .. သြော် ငါ့နှယ် ဒီဟင်းကို ငါတောင်မစားနိုင်ဘူး .. ဒီဟာကို အဖေဘာမှ မပြောဘဲနဲ့ ထမင်းတစ်ပန်းကန်ကုန်အောင်ကို စားသွားပါလား… ဆိုကာ.. ကျွန်မမှာ ပိုလို့ ဝမ်းနည်း စိတ်မကောင်းဖြစ်ရလေသည်။

ညနေ အဖေပြန်လာတော့..

“အဖေကလည်း နေ့လည်တုန်းက ပဲသီးတွေ ရင့်နေတာ သမီးကို မပြောဘဲကို..

မဟုတ်ရင် သမီး တစ်ခုခု ထပ်လုုပ်ပေးမှာပေါ့ ”



“အနှစ်နဲ့လည်း စားလို့ရနေတာပဲသမီးရယ် ..

ငါ့သမီးချက်ထားတာ စားလို့ကောင်းပါတယ်” တဲ့ အဖေက..

..

..

..

ကျွန်မ ဘယ်လိုဖြစ်သွားမှန်း မပြောတတ်ပါ။

..

..

သေချာတာတစ်ခုကတော့…

ကျွန်မ အဲဒီအချိန်ကစပြီး ဟင်းချက်တာကို တဖြည်းဖြည်းနဲ့ စိတ်ပါဝင်စားစွာ သင်ယူခဲ့မိတာဖြစ်လေသည်။



ညလေးညို







Thursday, October 13, 2011

လွမ်းရက်သီ

ဒီနေ့

နှင်းမခ ပေမယ့်

ရင်ထဲကအလွမ်းတွေကတော့

ထာဝရ ကြွေကျနေခဲ့တယ်...

ဒီနေ့

မိုးမစွေပေမယ့်

ရင်ထဲက အလွမ်းမိုးတွေ

ထာဝရ စွေရွာနေခဲ့တယ် ...

ဒီနေ့

နေမပြင်းပေမယ့်

ရင်ထဲကလွမ်းခြင်းတွေ

နေထက်နှစ်ဆပြင်းနေခဲ့တယ်...



ညလေးညို







Wednesday, October 5, 2011

လွမ်း

ချမ်း၍လွမ်းလည်း



လွမ်းနေဆဲမို့



အလွမ်းရယ်မပြေ.....





လွမ်း၍ တ လည်း



လွမ်းရဆဲမို့



အလွမ်းရယ်မပြေ....





သြော်...



လွမ်းရခြင်းတွေနဲ့



တမ်းတသူ့ရင်ကို



ကူလို့ငြိမ်းပါလှည့်...... ချစ်သူ။


ညလေးညို







Wednesday, September 7, 2011

My life, my dignity

Though … it’s trouble of life nobody can avoid

Attempt to face it

With honestly throughout my life

I will still be alive.



Though ... I don’t possess the Karma

The raindrops, the snugly sunbeam,

And also the gentle breeze

I can still hug all of these.



Though …I cannot control the time passes,

The captain of my life is I, myself

With the fully strength

I will still do the best.



Though … I daren’t predict what will happens,

For my dream to come true,

Travelling with months

I will still try the best.


ညလေးညို (nya lay nyo)

မှတ်ချက်။ ။ ငါ့ရဲ့ခက်ဆစ်ကို ဘာသာပြန်ကြည့်တာပါ။ လိုအပ်တာတွေအများကြီး ရှိနေပါလိမ့်ဦးမယ်။






Monday, August 8, 2011

ငါ့ရဲ့ခက်ဆစ်

ဘဝဆိုတာ တိုက်ပွဲ

ခက်ခဲလှပေမယ့်

ရှောင်လွှဲလို့မရနိုင်

ရင်ဆိုင်ဖို့ကြိုးစား

ရိုးသားမှုများနဲ့ငါ

ရှင်သန်နေဦးမှာပါ…။



လောက ကံကြမ္မာ

ငါမပိုင်ပေမယ့်

ရွာနေတဲ့မိုးရေကြည်

နေခြည်နွေးနွေးနဲ့

လေပြည်အေးအေးကိုတော့

ငါ..ထွေးပွေ့ထားနိုင်ဆဲပါ…။



နာရီစက် လက်တံတွေ

မဟန့်နိုင်ပေမယ့်

ငါ့ဘဝရဲ့ပဲ့ကိုင်ကတော့

ငါကိုယ်တိုင်ပါပဲဲ

အားမာန်တွေအပြည့်နဲ့ငါ

လှုပ်ရှားနေဦးမှာပါ…။


ဘာတွေဖြစ်လာမလဲ

မတွေးရဲပေမယ့်

ငါ့အိပ်မက်လေးတွေ

အသက်ဝင်လာစေဖို့

ရာသီနဲ့ရွေ့နေတဲ့ငါ

ကြိုးစားနေဦးမှာပါ…။ ။



ညလေးညို







Friday, June 10, 2011

ဆွေးဆွံ့ရင်ခွင်

သတိရခြင်း...

တမ်းတခြင်း...

မှန်းဆခြင်း...

လွမ်းရခြင်း...တွေနဲ့ ... ... နွမ်း။



နွမ်းလျရင်မှာ...

မဖြေသာပြီ...

ဌာနီရယ်ဝေး ... ... ဆွေး။



အတိတ်ကိုတွေး ...

စိတ်မှာငိုကြွေး...

အဆွေးရယ်ပို ... ... ငို။



အို...

သောကဓံ...

ပြောပြရန်လည်း...

မစွမ်းသာ... ... ။


ညလေးညို